Friday, February 10, 2012

နေပြည်တော်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မြေအောက် ရထားလမ်း ဆောက်လုပ်ခွင့် ရရှိ၍ ရုရှားနိုင်ငံက ဂုဏ်ယူလျက်ရှိ



မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်၏ ဂုဏ်ဆောင် မြေအောက် ရထားလမ်း စီမံကိန်းကို ရုရှားနိုင်ငံက တာဝန်ယူ ဆောက်လုပ်ခွင့် ရရှိသည့် အတွက် ဂုဏ်ယူ နေမိကြောင်း စီမံကိန်း၏ ဗိသုကာ အကြီးအကဲ တစ်ဦးက The Voice of Russia သို့ ပြောကြားကြောင်း ၁-၈-၂ဝ၁၁ ရက်တွင် သိရသည်။ ရုရှား နိုင်ငံသည် မြေအောက် ရထားလမ်း စီမံကိန်းများ အတွက် ဘူမိဗေဒ ဆိုင်ရာ လေ့လာ တိုင်းတာမှုများနှင့် ဒီဇိုင်းပညာ တို့တွင် နည်းပညာ မြင့်မား ကျွမ်းကျင်မှု ရှိနေပြီး နေပြည်တော်တွင် ဆောက်လုပ်မည် ဖြစ်သော ကီလိုမီတာ ၅ဝ (၃၁မိုင်ခန့်) ရှိသော  အရှည်ဆုံး ပတ်လမ်းကို နည်းပညာ မြင့်မားစွာ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ 
ရုရှားမှ ဗိသုကာ အကြီးအကဲက ၎င်းတို့ နိုင်ငံတွင်းမှ The Voice of Russia သို့ ပြောကြားရာတွင် အဆိုပါ ရထားလမ်း စီမံကိန်း အတွက် မိမိတို့ ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ တည်ဆောက်ခွင့် ရရှိသည့် အတွက် ဂုဏ်ယူ မိကြောင်း ပြောကြားသည်။ ၎င်းအပြင် ယခုနှစ်၏ နှစ်ဆန်းပိုင်း ကလည်း အိန္ဒိယနိုင်ငံ၏ လူနေမှု ထူထပ်သော မြို့တစ်မြို့ ဖြစ်သည့် မဒရပ်မြို့တွင် အမေရိကန် ဒေါ်လာသန်း ၄၃ဝ ကုန်ကျနိုင်မည့် မြေအောက် ရထားစနစ် တည်ဆောက်ခွင့်ကို စာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံတွင် ပထမဆုံး မြေအောက် ရထားလမ်းကို ၁၉၃၅ ခုနှစ် မေလ ၁၅ရက်တွင် ၁၁ကီလိုမီတာ (၆ဒသမ ၈မိုင်) အရှည်ဖြင့် စတင်ခဲ့ပြီး ရထား ဘူတာရုံပေါင်း ၁၃ ခု ရှိခဲ့သည်။
မြန်မာနိုင်ငံ၌ ယခု စတင် တည်ဆောက်မည့် မြေအောက် ရထားလမ်း စီမံကိန်းမှာ ၅ဝ ကီလိုမီတာ (၃၁ မိုင်ခန့်) မှ စတင်မည် ဖြစ်သဖြင့် စတင်စဉ် ကာလ အပိုင်းအခြားတွင် မြန်မာက ပိုမို ရှည်လျား နေကြောင်း သိရသည်။ လက်ရှိ ကာလ ရုရှားနိုင်ငံ မော်စကိုမြို့တွင် မြေအောက် ရထားလမ်း စီမံကိန်း၌ ၃ဝ ၁ဒသမ ၂ ကီလိုမီတာ (၁၈၇ဒသမ ၂ မိုင်) အတွက် ရုံပေါင်း ၁၈၂ ခု နှင့် ရထားလမ်း ၁၂ ခု ရှိကာ မြေအောက် အနက်ဆုံး ဘူတာမှာ ၈၄ မီတာ (၂၇၆ ပေ) ရှိပြီး နေ့စဉ် စီးနင်းသူမှာ ၂ဝဝ၉ ခုနှစ် မှတ်တမ်း အရ ပျမ်းမျှ ၆ ဒသမ ၅၅ သန်း ရှိကြောင်း နှင့် မြေအောက် ရထားလမ်း စနစ် အများဆုံး အသုံးပြုနိုင်မှုတွင် ဂျပန်မှ တိုကျို ပြီးလျှင် ရုရှားမှ မော်စကိုမြို့မှာ ဒုတိယ အကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။

SweSone Media Group မှ မျှဝေဖေါ်ပြခြင်းဖြစ်....!!!

No comments:

Post a Comment